မိမိသုံးစွဲနေတဲ့မြန်မာ ငွေစက္ကူတွေ ထုတ်လုပ်တဲ့ ဝါဇီ စက်ရုံအကြောင်း

မြန်မာ ငွေစက္ကူတွေ ထုတ်လုပ်တဲ့ ဝါဇီ စက်ရုံအကြောင်း

 

မကွေးတိုင်း၊ ပခုက္ကူ မြို့ အနောက် တောင်ဘက်ရှိ တန့်ကြည့်တောင်တန်း၏ တောင်ဖက်အစွန်းဆုံး ပေ ၁၀၀၀ ခန့်မြင့်သော တောင်ကုန်းပေါ်တွင် တည်ရှိပါသည်။ စက်ရုံတောင်ဘက်တွင် ယောချောင်း၊ အနောက်ဘက်၊ မြောက်ဘက်တွင် တောင်တန်းများ၊ အရှေ့ဘက်တွင် လမ်းရွာကျေးရွာ နှင့် ဧရာဝတီမြစ် တို့ တည်ရှိပါသည်။ စက်ရုံ မိုင် ၂၀ ပတ်လည်တွင် မည်သည့် လူနေအိမ်ခြေ အဆောက်အအုံမျှ မရှိပေ။
ဝါဇီစက်ရုံသို့ သွားမည်ဆိုပါက ချောက်မြို့မှ လမ်းရွာ ကျေးရွာသို့ စက်လှေဖြင့်သွားရပါသည်။ ချောက်မြို့အထက် ၁၀ မိုင်ခန့်တွင် ကားသယ်နိုင်သော စက်ရေယာဉ်များ ရှိပါသည်။ စက်ရုံ အဝင်လမ်းသည် လမ်းရွာကျေးရွာနှင့် ဧရာဝတီ မြစ်ကိုဖြတ်လျက် တည်ရှိပါသည်။ စက်ရုံအဝင်လမ်းနှင့် အထွက်လမ်း မှာ တစ်လမ်းတည်းပင် ဖြစ်သည်။
စက်ရုံရှိ အလုပ်သမား၊ ပညာရှင်များမှာ တပ်မတော်မှ ဖြစ်သည်။ အရပ်သားလုံးဝ မရှိပေ။ စက်ရုံတွင် အလုပ်လုပ် သော တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များမှအပ မည်သူမျှ ဝင်ထွက်သွားလာခွင့်မရှိပေ။ စက်ရုံသို့ သွားရာလမ်းတွင် စစ်ဆေးရေးဂိတ် ၃ ခုရှိပါသည်။ လမ်းရွာ ကျေးရွာမှ စထွက်သည်နှင့် လက်နက်ကိုင်လုံခြုံရေးများ စောင့်ကြပ်နေသော ပထမစစ်ဆေးရေးဂိတ်ကြီးကို ရောက်ပါသည်။ ၎င်းမှ တောင်တက်လမ်းအတိုင်း ဆက်တက်၍ ၁၅ မိုင်ခန့် မောင်းနှင်ပြီးပါက ဒုတိယစစ်ဆေးရေးဂိတ်ကို ရောက်ပါသည်။ ထိုမှ တစ်ဆင့် ၁၅ မိုင်ခန့် ဆက်လက် မောင်းနှင်ပြီးပါက တတိယစစ်ဆေးရေးဂိတ် ရောက်ပါသည်။ ထို့နောက် ဝါဇီစက်ရုံသို့ရောက်ရှိပါသည်။ လမ်းရွာ ကျေးရွာမှ စက်ရုံထိ မိုင် ၃၀ ခန့် မောင်းနှင်ရပါသည်။ စစ်ဆေးရေးဂိတ်တိုင်း၌ လုံခြုံရေးတင်းကြပ်ထားပြီး လက်နက် ကိုင် တပ်သားများထားရှိပါသည်။
စက်ရုံတွင်းရောက်သည် နှင့် ပုံစံတူ အရွယ်တူ လူနေ တိုက်ခန်းများကို တွေ့ရပါမည်။ စက်ရုံလုပ်သားများနှင့် မိသားစု ဝင်များ နေထိုင်ကြပါသည်။ ထိုမှ အနည်းငယ် ဆက်တက်ပါက ပင်မစက်ရုံသို့ ရောက်ရှိပါမည်။ ပင်မ စက်ရုံထဲသို့ စက်ရုံ အလုပ်သမားများနှင့် တာဝန်ရှိသူများ သာ သွားလာခွင့်ရှိပါသည်။
စက်ရုံမှ ပြည်တွင်းသုံး ငွေစက္ကူ များ၊ စာပို့ စာချုပ် တံဆိပ်ခေါင်းများ၊ အောင်ဘာလေ ထီလက်မှတ်များနှင့် လုံခြုံရေး နှင့်ဆိုင်သော စာရွက်စာတန်းမျိုးစုံကို ရိုက်နှိပ်ထုတ်ဝေလျက်ရှိပါသည်။
ငွေစက္ကူ များကို ဝါဂွမ်းချည် ၄၀ % နှင့် လုံခြုံရေးကြိုး ပါသော စက္ကူသားများဖြင့်ရိုက်နှိပ်ရပါသည်။ ရေနီစက္ကူစက်ရုံမှ ထွက်သော ရိုရိုးစက္ကူများဖြင့် ရိုက်နှိပ်၍ မရသည်က တစ်ကြောင်း၊ ပြည်တွင်း၌လည်း မထုတ်လုပ်နိုင်သဖြင့် ဝါးဂွမ်း ချည် ၄၀ % နှင့် လုံခြုံရေးကြိုးပါသော စက္ကူ သားများကို အိန္ဒိယ နိုင်ငံမှတင်သွင်းရပါသည်။

အစိုးရအဆက်ဆက်သည် ဗဟိုဘဏ်မှ ငွေစက္ကူ ရိုက်နှိပ်ဖို့ လိုအပ်လာပြီဟု တင်ပြလာပါက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တစ်ဆင့် ကာကွယ်ရေးဝန်ကြီးဌာန ၊ ထိုမှ တစ်ဆင့် စက်ရုံသို့ အဆင့်ဆင့် အကြောင်းကြားပြီးမှ စက်ရုံ က ရိုက်နှိပ်ရပါသည်။ စက်ရုံမှ ရိုက်နှိပ်လိုက်သော ငွေစက္ကူ များသည် သုံးစွဲ ၍ မရသေးပါ။ နံပါတ်စဉ် မတပ်ရသေး၍ ဖြစ်သည်။
စက်ရုံမှ ရိုက်နှိပ်ပြီးစီးသော ငွေစက္ကူများကို အစောင့် အကြပ် အပြည့်အစုံနှင့် နိုင်ငံတော်ဗဟိုဘဏ်သို့ ပို့ဆောင် ရပါသည်။ ဗဟိုဘဏ်မှ ငွေစက္ကူ များကို နံပါတ်စဉ်ရိုက်နှိပ်ပါသည်။ ဝါဇီစက်ရုံ၌ ရိုက်နှိပ်၍မရပါ။ ဗဟိုဘဏ်မှ ထိုငွေ စက္ကူ များကို နိုင်ငံ့ဝန်ထမ်းများကို လစာပေးရာတွင်သုံးပါသည်။( စာဖတ်သူတို့သတိထား ကြည့်ပါ။ နိုင်ငံ့ ဝန်ထမ်းများ ရလာသည့် ငွေစက္ကူသည် အသစ်ချပ်ချွတ်၊နံပါတ်အစဉ်လိုက်ဖြစ်နေတတ်သည်။) ထိုသို့ အဆင့်ဆင့် ဖြတ်သန်းပြီး သောအခါ မြန်မာပြည်တွင်း၌ သုံးစွဲနေသော ငွေကြေးအဖြစ်သို့ ရောက်ရှိလာကြောင်း ရေးသား ဖော်ပြလိုက်ရပေ သည်။

Credit – မူရင်းရေးသားသူ

Leave a Reply

Your email address will not be published. Required fields are marked *