ဂျပန်နိုင်ငံကို ၂၅ နှစ်အတွင်း အဆိုးဝါးဆုံး တိုင်ဖွန်း မုန်တိုင်း Typhoon Jebi ဝင်ရောက်နေပြီ (ရုပ်သံ)

ပစိဖိတ်သမုဒ္ဒရာအတွင်းမှာဖြစ်ပေါ်နေတဲ့ ဆူပါတိုင်ဖွန်း မုန်တိုင်းSuper Typhoon Jebi ဂျပန်နိုင်ငံအနီးကို ရောက်နေပြီဖြဟ်တဲ့ ဒီကနေ့အခြေအနေမှတ်တမ်းဖြစ်ပါတယ်။

 

သြဂုတ်လ ၄ ရက်နေ့ ကစပြီး ဂျပန်တနိုင်ငံလုံးကိုလည်း ပတ်တိုက်မှာကြောင့် မုန်တိုင်း အဓိကဖြတ်မယ့် ဒေသတွေက လူဦးရေ ၂၀၀၀၀ ကို ဂျပန်အစိုးရ အာဏာပိုင်တွေက ပြောင်းရွေ့နေပါပြီ။

 

 

 

မုန်တိုင်းဟာ အဆင့် ၅ အပြင်ဆုံး ကီလိုမီတာ ၂၀၀နဲ့ တိုက်ခတ်မှာဖြစ်ပါတယ်။

Ref – ShweBlog

 

မိုးကြိုးပစ်ခြင်းနှင့် လျှပ်စစ်အန္တရာယ် – သိမှတ်ဖွယ်ရာများ

မိုးကြိုးပစ်ခြင်းနှင့် လျှပ်စစ်အန္တရာယ် – သိမှတ်ဖွယ်ရာများ

သိပ္ပံစာရေးဆရာ-ကိုကိုအောင်

မိုးဦးကျကာလများ၊ မိုးတွင်းကာလများနှင့် ရာသီဥတု ရုတ်ခြည်းဖောက်ပြန် ပြောင်းလဲသော အချိန်အခါမျိုး၌ လျှပ်စီးလက်ခြင်း၊ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးကြိုးမုန်တိုင်း ကျရောက်ခြင်းများကို ကြုံတွေ့ကြရလေ့ရှိသည်။ ဤသို့ဖြစ်ရခြင်းမှာ မိုးကောင်းကင်တွင် သဘာဝအလျောက် ဖြစ်ပေါ်နေသော အခြေအနေများအရ တိမ်တိုက်တစ်ခုနှင့် တစ်ခုအကြားတွင် သော်လည်းကောင်း၊ မိုးတိမ်တိုက်နှင့် မြေလွှာအကြားတွင်သော်လည်းကောင်း လျှပ်စစ်ဖိအား ခြားနားမှု ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်သည်။

ယင်းကာလမျိုးတွင် မိုးတိမ်တိုက်၏ အောက်ခြေပိုင်း၌ လျှပ်စစ်အမဓာတ်များ ဖြစ်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်၌လည်း လျှပ်စစ်အဖိုဓာတ်များ စုဝေးဖြစ်ပေါ်လာကာ ရင်ဆိုင်မိကြသည်။ မိုးဥတုအခါများနှင့် ရာသီဥတု ရုတ်ခြည်းဖောက်ပြန် ပြောင်းလဲသော အခါများ၌ မိုးသက်မုန်တိုင်းကြောင့် တိမ်လွှာ၏ အောက်ခြေပိုင်းတွင် စုဝေးနေကြသော လျှပ်စစ်အမဓာတ်များသည် ဝေဟင်မှနေ၍ ရွေ့လျားကြသည်။ မြေပြင်ပေါ်ရှိ လျှပ်စစ်အဖိုဓာတ်တို့ ကလည်း လျှပ်စစ်အမဓာတ်များ ရွေ့လျားသည့်အတိုင်း လိုက်ပါရွေ့လျားကြသည်။

ယင်းသို့ ရွေ့လျားကြရင်း လျှပ်စစ်အမဓာတ်တို့၏ ဆွဲဆောင်မှုကြောင့် လျှပ်စစ်အဖိုဓာတ်တို့သည် မြင့်သောနေရာများ ဖြစ်သည့် လျှပ်စစ်ဓာတ်တိုင်များ၊ လျှပ်စစ်ဝိုင်ယာလိုင်းကြိုးများ၊ အလံတိုင်နှင့် သစ်ပင်များ၊ ထိုးထိုးထောင်ထောင် ရှိနေသည့် အဆောက်အအုံများ၏ ထိပ်ဖျားဆီသို့ တက်ရောက်လာကြသည်။ ယင်းသို့ တက်ရောက်လာမှုကြောင့် လျှပ်စစ်အမဓာတ်နှင့် လျှပ်စစ်အဖိုဓာတ်တို့ နီးကပ်စွာ စုဝေးမိကြသည်။ စုဝေးမှုအစိုင်အခဲ ကြီးမားလာသောအခါ ခုန်ကူးပေါင်းစပ်မှု ပြုကြသည်။ ဤသို့ ဖြစ်ပျက်သည်ကို မိုးကြိုးပစ်သည်ဟု ခေါ်ဆိုကြသည်။

မိုးကြိုးအန္တရာယ်

သို့ဖြစ်၍ မြင့်မားသော အဆောက်အအုံများ၊ သစ်ပင်ကြီးများ၊ ချွန်ထက်နေသော ထိုးထိုးထောင်ထောင် ရှိနေသည့် အဆောက်အအုံ စသည်တို့သည် မိုးဥတုအခါများနှင့် ရာသီဥတု ရုတ်ခြည်း ဖောက်ပြန်ပြောင်းလဲလာ၍ မိုးသက် မုန်တိုင်း ကျရောက်သောအခါများ၌ မိုးကြိုးပစ်ခံရရန် အခွင့်အလမ်း ပို၍များသည်။ ယင်းတို့နှင့် နီးကပ်စွာ ရှိနေသော လူနှင့်တိရစ္ဆာန်များ၊ ဝတ္ထုပစ္စည်းများသည်လည်း မိုးကြိုးစက်ကွင်းအတွင်း ကျရောက်နေသည်ဖြစ်၍ အန္တရာယ်ကြီးမား လှသည်။
ထို့ကြောင့် လျှပ်စီးလက်၍ ထစ်ချုန်းသော အခါမျိုးများ၌ ကျယ်ပြန့်သော နေရာများ၊ လွင်တီးခေါင်ဖြစ်သော နေရာများ၊ လယ်ကွင်းပြင်များတွင် မနေသင့်ပေ။ ထိုအခါမျိုးတွင် ကွင်းပြင်နှင့် လွင်တီးခေါင်အလယ်၌ ရပ်နေသောလူ သို့မဟုတ် တိရစ္ဆာန်တို့သည် အဆိုပါနေရာများ၏ အမြင့်ဆုံးသော တည်ရှိမှုများ ဖြစ်နေသည့်အတွက် လျှပ်စစ်အဖိုဓာတ်နှင့် လျှပ်စစ်အမဓာတ်တို့ ခုန်ကူးပေါင်းစပ်မှုပြုရာ ဗဟိုချက် မဖြစ်သွားနိုင်သည်။ တစ်နည်းအားဖြင့် မိုးကြိုးပစ်ရန်အတွက် ပစ်မှတ်နေရာ ဖြစ်သွားနိုင်သည်။

မိုးဥတုအခါများတွင် လယ်ကွင်းပြင်များ၌ လယ်ထွန်နေသူများနှင့် ကျွဲ၊ နွား စသည်တို့ မိုးကြိုးထိမှန် ခံရတတ်ခြင်း မျိုးသည် အထက်ပါ သဘောတရားကြောင့်ပင် ဖြစ်သည်။ သို့ဖြစ်၍ ယင်းသို့သော အခြေအနေမျိုးတွင် ပြန့်ပြူးသော ကစားကွင်းများ ၊အဆောက်အအုံ ကင်းမဲ့သော ဆင်ခြေဖုံးနေရာများ၊ မြေပြန့်လွင်ပြင်များ၊ မြို့ရွာစသည်တို့နှင့် အလှမ်းကွာဝေးသော နေရာများတွင် ရောက်ရှိနေသူတို့သည် မိုးကြိုးပစ်ခံရရန် အခွင့်အလမ်းအများဆုံး ရှိနေသည်။

လျှပ်စစ်လက်ခြင်းနှင့် ထစ်ချုန်းသံ

တိမ်လွှာ၏ အောက်ခြေရှိ လျှပ်စစ်အမဓာတ်နှင့် မြေပြင်မှ လျှပ်စစ်အဖိုဓာတ်တို့ ခုန်ကူးပေါင်းစပ်မှု ပြုသည့်အခါ တစ်နည်းအားဖြင့် မိုးကြိုးပစ်သည့်အခါ မိုးကြိုးဖြစ်ပေါ်သည့် နေရာတွင် အလင်းရောင်နှင့် အသံတို့ တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။ မိုးကြိုးဖြစ်ပေါ်ရာနေရာမှ ထွက်ပေါ်လာသော အလင်းရောင်နှင့် အသံတို့သည် အတော်အတန် ဝေးကွာသော နေရာများဆီသို့ ပျံ့နှံ့ရောက်ရှိချိန်တွင် အမြန်နှုန်းမတူခြင်းကြောင့် မိုးကြိုးဖြစ်ပေါ်ရာ နေရာမှ အလွန်ဝေးကွာသော နေရာများရှိ လူနှင့်သတ္တဝါတို့သည် အလင်းရောင်ကို အရင်မြင်ကြရပြီး အသံကို နောက်ကျမှ ကြားကြရသည်။ တစ်နည်းဆိုရသော် လျှပ်စီးလက်ခြင်းကို အရင်မြင်ကြရပြီး ထစ်ချုန်းသံကို နောက်မှကြားကြရသည်။
မိုးကြိုးဖြစ်ပေါ်ရာနေရာနှင့် နီးသောနေရာရှိ လူနှင့်သတ္တဝါတို့က မူလျှပ်စီးလက်ခြင်း (အလင်းရောင်)နှင့် ထစ်ချုန်းခြင်း (အသံ)တို့ကို မရှေးမနှောင်း ကြားကြရသည်။ မိုးကြိုးဖြစ်ပေါ်ရာနေရာတွင် ရှိနေသောလူနှင့် သတ္တဝါတို့သည်ကား လျှပ်စီးလက်ခြင်းကိုပင် မြင်ခွင့်မရလိုက်တော့ဘဲ မိုးကြိုးထိမှန်ခံရခြင်းနှင့် မိုးကြိုးစက်ကွင်းမိခြင်းများ ဖြစ်ကြရသည်။ ဤသို့ဖြစ်ရခြင်းမှာ အလင်း၏ အလျင်သည် အသံ၏အလျင်ထက် အဆပေါင်းသိန်းနှင့်ချီ၍ ပိုမိုသောကြောင့် ဖြစ်သည်။

မိုးကြိုးပစ်သည့် နေရာတွင် ဖြစ်ပေါ်လာသော အလင်းရောင်သည် ထွက်ပေါ်လာသော အသံထက် ခရီးအကွာအဝေး အဆများစွာ ပိုမိုရောက်ရှိသွားခြင်းပင် ဖြစ်သည်။
အဆိုပါ သိပ္ပံပညာ သဘောတရားကြောင့် လျှပ်စီးလက်၍ ထစ်ချုန်းသံကြားလျှင် ကြောက်တတ်သူများသည် မိုးကြိုးပစ်ရာနေရာနှင့် မိမိတို့ရှိနေသောနေရာ မည်မျှကွာလှမ်းသည်ကို တွေးဆနိုင်ကြပြီး စိုးရိမ်ပူပန်မှုများကို ထိန်းချုပ်နိုင်ကြမည် ဖြစ်သည်။

လျှပ်စီးလက်ခြင်းကို ကောင်းစွာမြင်ကြရသူများသည် မိုးကြိုးဖြစ်ပေါ်ရာနေရာနှင့် ဝေးကွာလှသော နေရာတွင် ရှိနေသူများဖြစ်ကြသည်။
မိုးကြိုးလျှပ်စီးအင်အား
မိုးကြိုးပစ်ခြင်းသည် တိမ်လွှာအောက်ခြေနှင့် မြေပြင်အကြား လျှပ်စစ်ဖိအားခြားနားမှုကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ မိုးကြိုးပစ်ချိန်တွင် လျှပ်စီးအင်အားသည် ပျမ်းမျှအားဖြင့် အမ်ပီယာ သုံးသောင်းခန့်ရှိနေပြီး အမြင့်ဆုံးအားဖြင့် အမ်ပီယာ နှစ်သိန်းအထိပင် ဖြစ်ပေါ်လာတတ်သည်။ လျှပ်စစ်သံဂဟေဆက်ရာတွင် အသုံးပြုသော လျှပ်စီးအင်အား ပမာဏမှာ ၂၀၀ အမ်ပီယာမှ ၄၀၀ အမ်ပီယာခန့်အထိသာရှိရာ မိုးကြိုးလျှပ်စီးအင်အားပမာဏ မည်မျှကြီးမားသည်ကို ခန့်မှန်းနိုင်သည်။

မိုးဥတုကာလရှည်ကြာသော ဒေသနိုင်ငံများ၊ မိုးသက်မုန်တိုင်း မကြာခဏကျရောက်တတ်သော ဒေသနိုင်ငံများနှင့် အီကွေတာရာသီဥတုခေါ် မိုးရွာလိုက်/နေပူလိုက် တစ်လှည့်စီဖြစ်သော ရာသီဥတုရှိသည့် ဒေသနိုင်ငံများတွင် မိုးကြိုးပစ်သော အကြိမ်ရေပမာဏ များပြားတတ်သည်။

မိုးကြိုးပစ်သည့်အခါ ကောင်းကင်ဓာတ်အားလိုင်းများကို မိုးကြိုးထိမှန်ပါက ဓာတ်အားလိုင်းများတွင် ပို့လွှတ်ထားသော လျှပ်စစ်ဖိအားထက် အဆများစွာ ကြီးမားသော လျှပ်စစ်ဖိအားတစ်ရပ် ဝင်ရောက်လာတတ်သည်။ထိုအခါမျိုးတွင် ကောင်းကင်ဓာတ်အားလိုင်းတိုင်များ၏ ကြွေသီးများနေရာ၌ လျှပ်စစ်ဖိအား အဆမတန် မြင့်တက်လာခြင်းကြောင့် ဝိုင်ယာကြိုးများမှ တစ်ဆင့် ကြက်ခြေတန်းများအတွင်းသို့ လည်းကောင်း၊ ဓာတ်တိုင်များ၏ အတွင်းသို့လည်းကောင်း ခုန်ကူးမှုများဖြစ်ပေါ်ပြီး ကွဲအက်ပျက်စီးမှုများ ဖြစ်ပေါ်နိုင်သည်။ အလားတူပင် ထရန်စဖော်မာများအတွင်းသို့ မိုးကြိုးလျှပ်စစ်ဖိအား ဝင်ရောက်ပါက လျှပ်ကာများ ကျိုးပေါက်မှုဖြစ်ပြီး ချွတ်ယွင်းပျက်စီးသွားနိုင်သည်။

ကောင်းကင် ဓာတ်အားလိုင်းကြိုးကြီးများကို မိုးကြိုးတိုက်ရိုက်ထိမှန်လျှင် လျှပ်စစ်အန္တရာယ်မှ ကာကွယ်ရန် မလွယ်ကူပေ။ သို့ရာတွင် သဘာဝအခြေအနေများအရ ကောင်းကင်ဓာတ်အား လိုင်းကြိုးကြီးများကို ပြင်းထန်သော မိုးကြိုးများ တိုက်ရိုက်ထိမှန်မှုမှာ ဖြစ်ခဲလှပြီး မိုးကြိုးစက်ကွင်းမိခြင်းမျိုးသာ ဖြစ်တတ်သည်။

မိုးကြိုးပစ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များ အနက်မိုးကြိုးကြောင့် ဝင်ရောက်လာတတ်သည့် အလွန်မြင့်မားသော လျှပ်စစ်ဖိအား၏ အန္တရာယ်ကို ကောင်းကင်မြေစိုက်ကြိုးနှင့် မိုးကြိုးလွှဲတို့ တပ်ဆင်ထားခြင်းဖြင့် ကာကွယ်နိုင်သည်။

ကောင်းကင်မြေစိုက်ကြိုးတပ်ဆင်ခြင်း

မိုးကြိုးအန္တရာယ်မှ ကာကွယ်ရန်အတွက် ကောင်းကင်မြေစိုက်ကြိုးအဖြစ် သွပ်ရည်စိမ်သံမဏိကြိုးကို သော် လည်း ကောင်း၊ ကြေးအုပ်ထားသော သံမဏိကြိုးကိုသော်လည်းကောင်း လျှပ်စစ်ဓာတ်တိုင်များ၏ ထိပ်အစွန်းများ၌ သွယ်တန်း တပ်ဆင်ကြရမည်ဖြစ်သည်။ ကောင်းကင်ဓာတ်အား လိုင်းတိုင်များအတွက် ကောင်းကင်မြေစိုက်ကြိုး တပ်ဆင်ရာတွင် ပထဝီမြေဓာတ် ကောင်းစွာရရှိစေရန် ကောင်းကင်ဓာတ်အားလိုင်းကြိုး အရှည်တစ်မိုင်အတွင်း အနည်းဆုံး လေးနေရာခန့် တွင် မြေမြှုပ်ကြိုးများနှင့် ကောင်းစွာဆက်သွယ် ပေးထားရမည်ဖြစ်သည်။

မြေစိုက်ကြိုးများက ကောင်းကင်လျှပ်စစ်ဓာတ်အားလိုင်းများကို မိုးကြိုးအန္တရာယ်မှ ကာကွယ်ပေးနိုင်သော နယ်ပယ်မှာ အဆိုပါကောင်းကင်မြေစိုက်ကြိုးထိပ်စွန်း၏ ဝဲယာတစ်ဖက်တစ်ချက်စီတွင် ၄၅ ဒီဂရီစီ အသီးသီးရှိသော နယ်ပယ် အတွင်း၌သာဖြစ်သည်။ သို့ဖြစ်၍ ကောင်းကင်မြေစိုက်ကြိုး၏ မိုးကြိုးအန္တရာယ်မှ ကာကွယ်ပေးနိုင်သော အဆိုပါ နယ်ပယ် အတွင်း၌သာ လျှပ်စစ်ဝိုင်ယာကြိုးများကို သွယ်တန်းတပ်ဆင် ကြရမည်ဖြစ်သည်။

ကောင်းကင်ဓာတ်အားလိုင်းကြိုးများကို ဓာတ်အားလိုင်းတိုင် ထောင်မတ်နေသည့် အတိုင်း အထက်အောက်သွယ်တန်း ထားပါက ယင်းတို့ သည် ကောင်းကင်မြေစိုက်ကြိုး ၏ အောက်တည့်တည့် တွင် ရောက်ရှိနေကြခြင်းကြောင့် မိုးကြိုး အန္တရာယ်မှ ကာကွယ်မှု အပြည့်အဝရရှိနေမည်ဖြစ်သည်။ ယင်းသို့မဟုတ်ဘဲ ဓာတ်အားလိုင်းတိုင်များတွင် ကန့်လန့် ကြက်ခြေတန်းများကို အသုံးပြုသွယ်တန်းမည်ဆိုပါက ကောင်းကင်မြေစိုက်ကြိုး၏ အောက်တစ်ဖက် တစ်ချက်စီတွင် ၄၅ဒီဂရီအသီးသီးရှိသော နယ်ပယ်အတွင်း၌သာ သွယ်တန်းလိုင်းကြိုးများ ရှိနေကြရန်လိုအပ်သည်။

ကောင်းကင်မြေစိုက်ကြိုးသည် မိုးကြိုးအန္တရာယ်မှ ကာကွယ်ရန်အတွက် အသုံးဝင်ရုံမျှမက လျှပ်စစ်ဓာတ်လိုက်ခြင်း အန္တရာယ်မှလည်း ကာကွယ်နိုင်သည်။ အဆောက်အအုံများသို့ ဓာတ်အားသယ်ဆောင်သော ဝိုင်ယာများ သွယ်တန်း ရာတွင် ယင်းကြိုးများကို သယ်မထားသော ဝန်ထမ်းကြိုး(Bearer Cable)ကို ကောင်းကင်မြေစိုက်ကြိုးနှင့် ဆက်သွယ် ပေးထားခြင်းဖြင့် အကယ်၍ ဓာတ်အားသယ်ဆောင်သော ဝိုင်ယာကြိုးများ ပေါက်ပြဲချွတ်ယွင်းပြီး ဝန်ထမ်း ကြိုး အတွင်းသို့ လျှပ်စစ်ဓာတ်အားဝင်ရောက် စီးဆင်းလာမည်ဆိုပါက ပထဝီမြေဓာတ်နှင့်တွေ့ထိပြီး ဒဏ်ခံကြိုးကို ပြတ် တောက်သွားစေမည် ဖြစ်သည်။

ပထဝီမြေဓာတ်ကို ကောင်းစွာရရှိနေသော ကောင်းကင်မြေစိုက်ကြိုးကို အဆောက်အအုံအတွင်းရှိ လျှပ်စစ်သုံး ပစ္စည်းများ၊ လျှပ်စစ်မီတာ၊ လျှပ်စစ်မီတာအိမ် စသည်တို့နှင့် ဆက်သွယ်ပေးထားခြင်းအားဖြင့်လည်း၊ အဆိုပါပစ္စည်းများ အတွင်း၌ တစ်စုံတစ်ရာ ချွတ်ယွင်းမှုဖြစ်ပြီး ပစ္စည်း၏ကိုယ်ထည်အတွင်းသို့ လျှပ်စစ်ဓာတ်အားစီးဆင်းဝင်ရောက်ခဲ့ပါက ပထဝီမြေဓာတ်နှင့် တွေ့ထိပြီးဒဏ်ခံကြိုးအား ပြတ်တောက်သွားစေမည်ဖြစ်သည်။

မိုးကြိုးလွှဲတပ်ဆင်ခြင်း

လျှပ်စစ်ဓာတ်အားလိုင်းကြိုးကြီးများအတွင်းသို့ မိုးကြိုးကြောင့် ဖြစ်ပေါ်လာသည့် အလွန်မြင့်မားသော လျှပ်စစ်ဖိအား ဝင်ရောက်လာသောအခါ အဆိုပါလျှပ်စစ်ဖိအားကို ပထဝီမြေကြီးအတွင်းသို့ လွယ်ကူလျင်မြန်စွာ စီးဆင်းဝင်ရောက် သွားစေရေးအတွက် အန္တရာယ်ရှိဝန်ပိုများအား လမ်းကြောင်း လွှဲပြောင်းပေးသည့်ပစ္စည်းကို မိုးကြိုးလွှဲ (Lightning Arrester)ဟု ခေါ်သည်။ မိုးကြိုးလွှဲသည် ဓာတ်အားလိုင်းကြိုးများအတွင်း၌ ပုံမှန်ပို့လွှတ်ထားသော လျှပ်စစ်ဖိအားကို ပထဝီမြေကြီးအတွင်းသို့ စီးဆင်းဝင်ရောက်သွားခြင်းအား ခွင့်မပြုဘဲ မိုးကြိုးကြောင့်ဖြစ်ပေါ်သည့် အန္တရာယ် ကြီးမား သော လျှပ်စစ်ဖိအားများကိုသာ မြေကြီးအတွင်းသို့ စီးဆင်းသွားစေရန် လုပ်ဆောင်ပေးသည်။

လျှပ်စစ်ဓာတ်အားပေး စက်ရုံများအနေဖြင့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူးရာ၌လည်း မိုးကြိုးကြောင့် ဖြစ်ပေါ် လာနိုင်သော လျှပ်စစ်အန္တရာယ်မှ ကာကွယ်နိုင်ရန်အလို့ငှာ မိုးကြိုးလွှဲများကို အောက်ပါအတိုင်း တပ်ဆင်ကြရမည် ဖြစ်သည်။

(က) လျှပ်စစ်ဓာတ်အားစက်ရုံက ထုတ်လုပ်သော လျှပ်စစ်ဖိအားသည်၂၃၀/၄၀၀ ဗို့ဖြစ်ပြီး ထိုဗို့အားအဆင့်ဖြစ်ပင် ပေးပို့ဖြန့်ဖြူးပါက စက်ရုံမှထွက်သည့်ဖီဒါလိုင်းအသီးသီးပေါ်တွင် အနိမ့်စားဖိအားမိုးကြိုးလွှဲကို တပ်ဆင်ရမည်ဖြစ်သည်။

(ခ) လျှပ်စစ်ဓာတ်အားစက်ရုံက ထုတ်လုပ်သော လျှပ်စစ်ဖိအားသည် ၂၃၀/၄၀၀ ဗို့ ဖြစ်သော်လည်း စက်ရုံမှ ထွက်လျှင်ထွက်ခြင်း ဗို့အားမြှင့်ထရန်စဖော်မာကို အသုံးပြု၍ ၆၆၀၀ ဗို့၊ ၁၁၀၀၀ဗို့၊ ၆၆၀၀၀ ဗို့စသည်ဖြင့် ဗို့အားမြှင့်ပြီးမှ ပေးပို့ဖြန့်ဖြူးပါကစက်ရုံရှိ ဗို့အားမြှင့် ထရန်စဖော်မာမှအထွက် ဖိဒါလိုင်းအသီးသီးပေါ်တွင် အမြင့်စား ဖိအား မိုးကြိုးလွှဲကို တပ်ဆင်ရမည်ဖြစ်သည်။

(ဂ) လျှပ်စစ်ဓာတ်အားစက်ရုံက ထုတ်လုပ်သော လျှပ်စစ်ဖိအားသည်၁၁၀၀၀ ဗို့ကဲ့သို့သော ဗို့အားမြှင့်လျှပ်စစ်ဖြစ်ပြီး ထုတ်လုပ်ဗို့အားအတိုင်း တိုက်ရိုက်ပို့လွှတ်သည်ဖြစ်စေ၊ ဗို့အားမြှင့်ထရန်စဖော်မာကို အသုံးပြု၍ ထပ်မံဗို့အားမြှင့်ပြီးမှ ပို့လွှတ်သည်ဖြစ်စေ၊ စက်ရုံမှထွက်သော ဖီဒါလိုင်းအသီးသီးပေါ်တွင် အမြင့်စားဖိအားမိုးကြိုးလွှဲကို တပ်ဆင်ရမည်ဖြစ် သည်။

(ဃ) ကောင်းကင်ဓာတ်အား လိုင်းကြိုးကြီးများသည် အလွန်ရှည်လျားပြီး လူနေအိမ်ခြေ၊ အဆောက်အအုံများနှင့် ဝေးကွာသောကွင်းပြင်များကို ဖြတ်ကျော်တည်ဆောက် ထားခြင်းမျိုးဖြစ်ပါက၊ ဓာတ်အားလိုင်းမျှော်စင်ကြီးများနှင့် ဓာတ်တိုင်များ အပေါ်တွင်မိုးကြိုးလွှဲများကို တပ်ဆင်ပေးထားရမည် ဖြစ်သည်။

ဤနေရာတွင် လူနေအိမ်ခြေ၊ အဆောက်အအုံများ သိပ်သည်းထူထပ်သော မြို့ကြီး၊ မြို့ငယ်စသည့်နေရာဒေသများ၌ သွယ်တန်းတပ်ဆင်ထားသော လျှပ်စစ်ဓာတ်အားလိုင်းကြိုးများအတွင်းသို့ မိုးကြိုးအန္တရာယ် ကျရောက်မည့် အခွင့် အလမ်း နည်းပါးလှသည့်အတွက် တစ်မြို့နှင့်တစ်မြို့ သွယ်တန်းထားသည့် ကောင်းကင်ဓာတ်အားလိုင်း ကြိုးများမှာ ကဲ့သို့ မိုးကြိုးအန္တရာယ်ကိုစိုးရိမ်ရန် မလိုအပ်ပေ။ ကောင်းကင်မြေစိုက်ကြိုး တပ်ဆင်ထားပြီးဖြစ်ကာ မိုးကြိုးအန္တရာယ်မှ စိတ်ချရနိုင်သည်။

သာမန်လူနေအိမ် အဆောက်အအုံများအနေဖြင့်မူ မိမိတို့၏အဆောက်အအုံနှင့် နီးကပ်စွာတည်ရှိနေသော ဓာတ်တိုင် များတွင် ကောင်းကင်မြေစိုက်ကြိုးများဖြင့် မိုးကြိုးလျှပ်စစ်အန္တရာယ်ကို စနစ်တကျကာကွယ်ထားသည် ဆိုပါက မိုးကြိုး အန္တရာယ် ကျရောက်ရန် အခွင့်အလမ်း အလွန်နည်းပါးမည် ဖြစ်သည်။ သို့ရာတွင် ပို၍စိတ်ချရစေရန် မိုးကြိုးလွှဲများ တပ်ဆင်လိုပါက အနိမ့်စား ဖိအားမိုးကြိုးလွှဲကိုတပ်ဆင်လျှင် ကောင်းစွာလုံလောက်မှုရှိသည်။

သို့ဖြစ်၍ မိုးဥတုကာလနှင့် ရာသီဥတု ရုတ်ခြည်းဖောက်ပြန်ပြောင်းလဲသော အခါသမယမျိုး၌ ဖြစ်ပေါ်လာတတ်သည့် လျှပ်စီးလက်ခြင်း၊ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းတို့၏ သဘောသဘာဝများနှင့် ယင်းတို့မှတစ်ဆင့် ဆက်စပ်ဖြစ်ပေါ် လာတတ်သော လျှပ်စစ်အန္တရာယ်တို့ကို သိရှိထားကြခြင်းအားဖြင့် မိုးကြိုးပစ်ခံရခြင်းနှင့် မိုးကြိုးကြောင့် ဖြစ်ပေါ် လာနိုင်သော လျှပ်စစ်အန္တရာယ် ကျရောက်ခြင်းတို့ကို ကာကွယ်ပေးသည့် အစီအမံများကို စနစ်တကျဖြင့် ကြိုတင် ပြုလုပ် ထားနိုင်ကြမည်ဖြစ်ပေသည်။ ။

MOI Webportal Myanmar